တရက်ပေါ့ဗျာ……
အပြင်ကနေ ပြန်လာခဲ့တယ်။ အိမ်ရှေ့ ခုံတန်းလျားပေါ် ပစ်လှဲရင်း မငြီးချင်ပေမဲ့လဲ ငြီးလိုက်မိတာက မန္တလေးနေက သိပ်ကို ပူတယ်လို့ပေါ့။ ပူတာတော့ မပြောနဲ့ဗျာ၊ ကတ္တရာတောင် အရည်ပျော်တယ်၊ အရင်က မန္တလေးမှာ သစ်ပင်ကြီးတွေ တော်တော်များခဲ့တာ၊ အခုတော့ တိုက်အိမ်တွေ ပြည့်နှက်လာတဲ့ မန္တလေးမှာ သစ်ပင်တွေ တော်တော်ကိုနည်းသွားပြီလေ၊ အဲဒီတော့ ပူချင်တိုင်းပူဖို့ ခွင့်ပြုလိုက်သလိုဖြစ်သွားတာပေါ့ဗျာ၊ စိတ်ထဲမှာ အပူဒါဏ်လျော့ဖို့အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေဖို့ အပင်လေးတွေ ကြိုးစားပြီး စိုက်အုံးမယ် စဉ်းစားနေမိတယ်။ အဲလိုတွေးနေတုန်းမှာပဲ သတင်းစာပို့တဲ့သူက အိမ်ထဲကို သတင်းစာ လှမ်းပစ်လိုက်တယ်။ ပြောရရင်တော့ ညနေခင်း သတင်းစာပေါ့။
ဒီလိုနဲ့ အတွေးစပျက်သွားပြီး သတင်းစာရဲ့ တီဗီအစီအစဉ်ကို အရင် ကောက်လှန်လိုက်တာ့ အားပါး ဒီည အာကြီး-လီဗာပူးပွဲ ကြည့်ရအုံးမှာပဲ။ မေ့တော့မလို့ပါလား။ ဒီည ဘောလုံးပွဲကို အိမ်မှာပဲ အေးအေးဆေးဆေး ကြည့်လို့ရအောင် မီးလာပါစေလို့ပဲ ဆုတောင်းရမှာပဲဗျာ။ မီးမလာရင် ဟိုပြေးကြည့်ရ ဒီပြေးကြည့်ရနဲ့ ၊ လီဗာဖန်ဆိုတော့ လက်ဖန်ရည်ဆိုင်မှာ ကြည့်ကြည့်၊ ရုံမှာသွားကြည့်ကြည့် အများနဲ့ တစ်ယောက် ဖြစ်နေတက်တာလဲ အပြင်မှာ မကြည့်ချင်တာပါတယ်ဗျ၊ ဟိုတလောက မန်ယူ-လီဗာပွဲ ကြည့်ပြီးကတည်းက အပြင်မှာ သိပ်မကြည့်ချင်တော့တာ။ ပထမပိုင်း မန်ယူကစသွင်းတယ်ဗျာ၊ အော်လိုက်ကြတာ တစ်ရုံလုံးကို ပွက်ပွက်ညံသွားတာပဲ၊ လီဗာကလည်း ပြန်သွင်းလို့ လက်ခုပ်လေးတီးပြီး တချက်အော်မိပါတယ်၊ ၀ိုင်းပြီး ဂျိုကြည့်နဲ့ မျက်နှာပေး ပေးလိုက်ကြတာဗျာ အခုပဲ ထသတ်တော့မယ်အတိုင်းပဲ။ အဲဒီနောက်ပိုင်း ဘောလုံးပွဲဆို ဘာပွဲဖြစ်ဖြစ် အိမ်မှာပဲ ကြည့်ဖြစ်တာများပါတယ်၊ တခါတစ်လေ အပေါင်းအသင်းကောင်းရင်တော့ ဆိုင်မှာသွားပြီးကြည့်ဖြစ်ပါတယ်။ အာကြီးနဲ့ ပွဲတော့ အဲလို မဖြစ်လောက်ဘူး ထင်ပေမဲ့ လန့်စိတ်က သိပ်မကုန်သေးဘူး။
ကျွန်တော်အဲလိုတွေးနေတုန်းမှာပဲ ဘေးအိမ်က ကောင်လေးတစ်ယောက် "အကိုကြီး အကိုကြီးကို သားပြောစရာရှိတယ်" ဆိုပြီးကျွန်တော့ကို လှမ်းခေါ်တာနဲ့ အတွေးစပျက်သွားတယ်။
အဲဒါနဲ့ ကျွန်တော်လည်း အမယ် ဒီကောင်က စကားကြီး စကားကျယ်နဲ့ ဘာများပါလိမ့်လို့ စိတ်ဝင်စားပြီး သူ့ကိုပြောလို့ ပြောလိုက်တော့ သူက
"သားဘောလုံးဝယ်ချင်လို့ ပိုက်ဆံစုနေတယ် အကိုကြီး"
အဲဒါနဲ့ ကျွန်တော်လည်း ပြန်မေးလိုက်တယ်
"အမယ် မင်းက တယ်ဟုတ်ပါလား၊ ဘယ်လောက်ရပြီလဲ"
သူက … "သားစုတာ အခု ၅၀၀ ကျော်နေပြီ" လို့ပြန်ဖြေတယ်။
အဲဒါနဲ့ ကျွန်တော်လည်း ဒီကောင်လေးက ဘာဘောလုံးမို့ ဒီလောက် ပိုက်ဆံအများကြီး စုနေရတာလဲပေါ့။ ဒါနဲ့ ကျွန်တော်ဆက်မေးလိုက်တယ်
"ဒါနဲ့ မင်းက ဘာဘောလုံး မို့လဲ၊ ဒီလောက်ဆို မင်းကန်ကျ ဘောလုံးကို ၀ယ်လို့ရနေပြီပဲ" လို့ကျွန်တော်ကပြောလိုက်တော့… သူကပြန်ပြောတယ်
"သားကြိုးချုပ်ဝယ်ချင်တာ" တဲ့ဗျာ၊ "အေးပါကွာ" ဟုပဲ ကျွန်တော်က ပေါ့ပေါ့လေး ပြန်ပြောလိုက်ပြီး ထမင်းစားဖို့ အိမ်ထဲဝင်လာလိုက်တယ်။
သူလည်း သူ့အမေလှမ်းခေါ်တာနဲ့ သူ့အိမ်ကိုပြန်သွားတယ်၊ ဒီကောင်လေးက ကျွန်တော့တို့နဲ့ ခြံဝင်းချင်းကပ်လျှက်မှာ နေတာဗျ၊ သူ့အဖေက ရေဒီယိုကက်စက်ပြင်ဆရာပေါ့၊ အရက်ဒုက္ခပေးလို့ ဆုံးသွားတာ ၁ နှစ်လောက်ပဲရှိသေးတာ။ သူ့အမေကတော့ အရပ်ထဲက ဟင်းသီးဟင်းရွက်တွေဘာတွေ ခူးပြီး ဈေးထဲမှာရောင်းပြီး သူတို့မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတာပေါ့ဗျာ။ သူ့မှာ အမတွေလည်းရှိပါတယ်။ အမေတွေကလည်း အခုမှ ၉ တန်းနဲ့ နောက်တစ်ယောက်က ၁၀ တန်းကျထားပြီး ဈေးချိုမှာ အလုပ်လုပ်နေလေရဲ့ဗျာ၊ သူကတော့ အခုမှ ၅ တန်းပဲရှိသေးတယ်၊ ကျွန်တော်တို့ အိမ်ကို အမြဲလာပြီး ဆော့နေကြပေါ့ဗျာ၊ ဒီကောင်လေးကလည်း ကျွန်တော့ကို တော်တော်လေး ခင်တာဗျ။ သူ့အိမ်မှာလည်း အမတွေပဲရှိတော့ အိမ်နီးချင်းလဲဖြစ် အကိုလိုလဲ ဖြစ်နေတဲ့ ကျွန်တော့်ကို ပိုခင်တာနေမှာပေါ့ဗျာ၊ ကျွန်တော်လည်း ထမင်းစားရင်း ၀ယ်လာတဲ့ ဂျာနယ်ဖတ်ပြီး ဒီကောင်လေးပြောတဲ့ ဘောလုံးကိစ္စကို ငါဝယ်ပေးလိုက်ရင် ကောင်းမှာပဲလို့တော့ စိတ်ထဲကို အတွေးတစက တချက်ဝင်လာလိုက်ပါသေးတယ်၊။ ဒီထက်တော့ ပိုမသွားခဲ့ဘူး။ အတွေးစ စက္ကန့်ပိုင်းလောက်နဲ့တင် ရပ်တန့်သွားလိုက်တာ အမှတ်တမဲ့ နေရက်တွေ အတော်လေး ညောင်းသွားပီးတဲ့နောက် ကျောင်းကနေ ပြန်လာတဲ့ တစ်ရက်မှာတော့……
ဘေးအိမ်က ဟိုကောင်လေး နေမကောင်းလို့ ဆေးရုံတင်ထားရတယ်လို့ အမေကပြောတာနဲ့ ဘာဖြစ်တာလဲမေးတော့ ဦးနောက်အမှေးရောင် ဖြစ်တာတဲ့၊ ကျွန်တော်လည်း တော်တော်လေး စိတ်မကောင်းသွားတယ်။ ဒါနဲ့ ကောင်လေးနဲ့ ခင်မင်မှု အရရော အိမ်နီးချင်းလဲ ဖြစ်တာကြောင့် နောက်တနေ့မှာ ဆေးရုံကြီးကို လိုက်သွားပြီး သူ့ကို သွားကြည့်တော့ သူ့အမေက ငိုနေပြီ၊ ဆိုလိုတာက မရတော့ဘူးပေါ့ဗျာ၊ စိတ်မကောင်းစွာနဲ့ဘဲ အဲဒီကောင်လေးရှိတဲ့ ကုတင်ဆီကိုသွားပြီး ကြည့်မိတော့ဗျာ ၊ ကျွန်တော့်ရင်ကို နင့်ကနဲ ဖြစ်သွားမိတယ်၊ ဝေဒနာနဲ့အတူ အိပ်ပျော်နေတဲ့ သူ့မျက်နှာလေးကို စေ့စေ့တောင် မကြည့်ချင်တော့အောင် ဖြစ်သွားမိတာက ဘောလုံးဝယ်ဖို့ အားခဲပြီး အချိန်အတော်ကြာအောင် စုဆောင်းထားတဲ့ ပိုက်ဆံကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး ကုတင်ပေါ်မှာ ပက်လက်လေးပေါ့ဗျာ။
သူ့အမေကို သူက ဆေးရုံကုတင်ပေါ်မှာ ဝေဒနာကို ခံစားရင်း ပြောတယ်တဲ့ “အမေ…သား ဘောလုံး အရမ်းဝယ်ချင်လိုက်တာ”လို့၊ အဲဒီမှာ ကျွန်တော့်ရင်ထဲ စို့နစ်မှုဟာ အတိုင်းအဆမဲ့ ဗလောင်ဆူသွားပါတော့တယ်။ စေတနာ စိတ်ကူးအတွေးတစ်ခုကို လက်လွတ်စပယ်ဘဲ ခေါင်းထဲကနေ ထုတ်လိုက်မိတဲ့ ကျွန်တော့်ရဲ့ အကျင့်လားမသိတဲ့ ညင်လေးကို ဒီအဖြစ်အပျက်က သေရာပါ ဒါဏ်ရာပေးလိုက် သလိုပါဘဲ။ အခုတော့ နောက်ကျသွားပြီပေါ့။ အရမ်းကို နောက်ကျ သွားခဲ့ပြီလေဗျာ။ ကျွန်တော်သာ သူ့ကို ခပ်စောစောကတည်းက ဘောလုံးဝယ်ပေးလိုက်ရင် သူအ၇မ်းပျော်ခဲ့မှာပါ၊ သူက တကယ်ဘဲ ကျွန်တော့်ကို အကိုကြီး တစ်ယောက်လို ခင်မင် ချစ်ခင်လို့ သူ့ရဲ့ ဆန္ဒလေးကို လာပြီး ပြောပြသွားတာ၊ ကျွန်တော်က တတ်နိုင်ရဲ့သားနဲ့ ခပ်ပေါ့ပေါ့နဲ့ အချိန်မရွေးဝယ်ပေးလို့ရတဲ့ သူတစ်ယောက်လို့ တွေးပြီး တန်းဖိုးကြီးတဲ့ အတွေးတစကို လွယ်လွယ်ဘဲ ဥပက္ခာပြုလိုက်မိတယ်။ မ၀ယ်ပေးလိုက်ရတဲ့ ဘောလုံးတစ်လုံးအတွက် အခုချိန်ထိကိုဘဲ ကျွန်တော် နောင်တရတယ်နေတယ် လူငယ်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတစ်ခုကို ကျွန်တော် ဖြည့်စည်းမပေးခဲ့မိလို့ ရတဲ့ နောင်တပါပဲဗျာ၊ သူပြောခဲ့တဲ့ ဘောလုံးအကြောင်းကို အခုထိ မှတ်မိနေတုန်းဘဲ၊ အခုထဲ နားထဲ စွဲနေတုန်းဘဲ။
ကျွန်တော် အဲဒီနေ့က ပြန်လာပြီး ညမှာ သူဆုံးတဲ့ သတင်းလဲ ကြားရော ဘယ်လိုမှ ရင်ထဲမှာ မခံစားနိုင်တာနဲ့ ဘောလုံးတစ်လုံးကို ချက်ချင်းသွားဝယ်ပြီး သူ့နာမည်လေးကို ဘောလုံးရဲ့ နေရာအနှံမှာ ရေးထိုးလိုက်တယ်။ အောင်မိုး…. အောင်မိုး….. အောင်မိုး….. အောင်မိုး….. အောင်မိုး….. အောင်မိုး….. အောင်မိုး…. အောင်မိုး….
အချိန်ကာလတွေလည်း အတော်လေး ကြာညောင်းသွားခဲ့ပါပြီ။ အဖြစ်အပျက်က မနေ့တနေ့ကလိုဘဲ ရှိနေသေးသလို ကျွန်တော် မပေးလိုက်ရတဲ့ ဒီဘောလုံးလေးဟာလည်း ကျွန်တော်အိမ်၊ ကျွန်တော့်အခန်းထဲမှာ ထီးထီးကြီး ရှိနေဆဲပါ။ အရောင်တွေ ပြောင်းလဲသွားပေမဲ့ အတိတ်က ခပ်ခါးခါး ကျွန်တော့် တသက်မေ့မရနိုင်တော့ အဖြစ်အပျက်တွေ စွန်းကျန်နေတဲ့ ဒီဘောလုံးလေးကို အချိန်ရရင် အလည်တစ်ခေါက် ၀င်လာပြီး ကျွန်တော်အိမ်မှာ ၀င်ကြည့်သွားပါအုံးဗျာ။
မ၀ယ်ပေးလိုက်ရတဲ့ ဘောလုံး တစ်လုံးအကြောင်းပေါ့။
ခံစားသီဖွဲ့သူ
ကျောင်းသား

No comments:
Post a Comment