
ကျွန်တော့မှာ အိမ် ၂ အိမ်ရှိပါတယ်။ တစ်အိမ်က မန္တလေးမှာဖြစ်ပြီး တစ်အိမ်က ရွာမှာပါ။ အဖေက မန္တလေးသားဖြစ်ပြီး အမေက ရွာကဖြစ်တဲ့အတွက် ကျွန်တော့မှာ အိမ် ၂ အိပ်ဖြစ်နေတာပါ။ ကျွန်တော်က မန်းလေးမှာ ကျောင်းတက်တယ်။ ဒါပေမယ့် ရွာမှာပျော်တဲ့သူဗျ။ မန်းတလေးမှာ ကျောင်းနေဖတ် သူငယ်ချင်းတွေတော့ရှိတယ်။ သို့ပေမယ့် ကျွန်တော်နဲ့ အိမ်နီးနားချင်းမှာ ရွယ်တူ သူငယ်ချင်း တစ်ယောက်မှ မရှိဘူး။ ပြီးတော့ ကျယ်ဝန်းတဲ့ ကစားဖို့ နေရာ မရှိဘူးလေ။ ပြီးတော့ ကျွန်တော့ မိဘတွေက ကျွန်တော့ကို မန်းလေးမှာဆိုရင် ဘယ်မှ စိတ်မချဘူး။ ဟိုသွားလည်း စိတ်မချ၊ ဒီသွားလည်း စိတ်မချလေ။ ရွာမှာတော့ ဒီလိုမဟုတ်ဘူး။ အိမ်ဝိုင်းတွေက ကျယ်ကျယ် ၀န်းဝန်းနဲ့ အရိပ် အာဝါသ ကောင်းတဲ့ အပင်ကြီးတွေနဲ့။ အိမ်ဘေးမှာလည်း မောင်နှမ တစ်ဝမ်းကွဲ ၂ ၀မ်းကွဲ ၃ ၀မ်းကွဲတွေက အများကြီးလေ။ ကျွန်တော်နဲ့ ရွယ်တူ ကလေးတွေလည်း အများကြီး။ အဲဒီတော့ ကျွန်တော် ရွာကိုခင်တွယ်တာ မဆန်းဘူးလို့ ထင်ပါတယ်။ ကျွန်တော်က အဆော့ မက်တဲ့ ကလေးတစ်ယောက်ဆိုတော့ ဒါဏ်ရာ အနာတရကလည်း မပြတ်လပ်ဘူး။ ဒူးမှာတော့ အနာပေါ် အနာထပ်နေတာ။ ဘယ်တော့မှ အနာပျောက်တယ် မရှိဘူး။ ကျွန်တော့ အတွက် တစ်ပါတ်စာ အချိန်စာရင်းက - တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၊ သောကြာ၊ ကျောင်းတက်တယ်။ အဲ သောကြာနေ့ ညနေ ကျောင်းလွတ်တာနဲ့ ကျွန်တော့ကို အဖေ သို့မဟုတ် အမေ တစ်ယောက်ယောက်က ရွာကိုလိုက်ပို့ရပါတယ်၊ ပြီးတော့ သောကြာည၊ စနေ၊ တနင်္ဂနွေ တစ်နေကုန်ဆော့ပြီး၊ တနင်္လာနေ့ မနက်မှ မန်းတလေး ပြန်ကျောင်းတက်တာပါ။ အိပ်စာပါရင်လည်း တစ်ခါတည်းယူသွားပါတယ်။ အထက်မှာပြောခဲ့တာက ကျွန်တော့ ငယ်ဘ၀ရဲ့ အနေအထားလေးကို နည်းနည်း ပြောပြထားတာပါ။ အခု ပြောမယ့် အဖြစ်အပျက်လေးနဲ့ မဆိုင်ပါဘူး၊ ဒါပေမယ့် နောက်လာမယ့် ပို့စ်တွေမှာ ရွာမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးတွေကို ရေးမှာမို့ ကြိုပြီး မိတ်ဆက်ထားတဲ့ သဘောပါ။
ကျွန်တော့အတွက် ဘောလုံးနဲ့ ပက်သက်ပြီး အခုထိ အမှတ်တရ ဖြစ်နေတဲ့ အဖြစ်အပျက်လေး တစ်ခုရှိပါတယ်....အဲဒီ အဖြစ်အပျက်လေးက ကျွန်တော် ၄ တန်း ကျောင်းသား ဘ၀မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ ကျောင်းက အလယ်တန်းကျောင်းပါ။ ကျွန်တော်တို့ ကျောင်းမှ ကျောင်းလက်ရွေးစင်အသင်းရှိပါတယ်။ ကျွန်တော်တို့ ကျောင်း လက်ရွေးစင် အသင်းဟာ ကျောင်းအနီး တစ်ဝိုက်မှာတော့ နာမည်ကြီး အသင်းတစ်သင်းပါ။ တစ်ရက်တော့ ပထ၀ီဝင် ဘာသာရပ်ကို သင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ အတန်းကို ကျောင်းလက်ရွေးစင် အကိုကြီး တစ်ယောက် ရောက်လာပါတယ်။ သူက အပေါက်ဝမှ လက်ညိုးထောင်လိုက်တော့ ဆရာမကလည်း ၀င်ခဲ့ပေါ့။ ဘာကိစ္စလည်း ဆရာမကမေးတော့ သူက ကျောင်း လက်ရွေးစင် ရွေးမယ်ပေါ့၊ အဲဒါ ပါချင်တဲ့သူရှိရင် စာရင်းပေးဖို့ပါ။ အဲဒီ အချိန်မှာ ကျောင်းသားတွေ အရမ်းကို ပျော်သွားကြပါတယ်။ ဘာလို့ ပျော်သွားလဲဆိုရင် တစ်အချက်က အဲဒီ ပထ၀ီဝင် သင်တဲ့ ဆရာမက အရမ်း အရိုက်ကြမ်းပါတယ်။ အရိုက်ကြမ်းတာနဲ့ ပျော်တာ ဘာဆိုင်လဲလို့မေးရင်၊ အဲဒီ အကိုကြီး လာတဲ့ အချိန်မှာ ဆရာမက ကျောင်းသားတွေကို တစ်ယောက်ခြင်း စာမေးနေလို့ပါပဲ။ အဲဒီ ဆရာမက စာမရတဲ့ ကျောင်းသားတွေကို ကြက်ဥ ကြိမ်လုံးကို ရေစိမ်ပြီး ဆော်တာပါ။ ခြေသလုံကို ရိုက်လိုက်ရင် အသားထဲ ကြိမ်လုံးက မြုတ်ဝင်သွားပြီး အသဲခိုက်အောင် နာပါတယ်။ အခု အဲဒီအကိုကြီး ပြောလိုက်တဲ့ စကားကြောင့် ဆရာမ စာမေးတာ ခေတ္တရပ်ဆိုင်းရမယ်။ နောက်ပြီး အဲဒီဆရာမရဲ့ စာသင်ချိန် ကုန်သွားမယ်ဆိုရင် စာမရတဲ့ ကျောင်သားတွေ ဒီနေ့ အဖို့ အရိုက်ခံရမယ့် ဘေးက နေကင်းလွတ်ခွင့် ရကြမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အရွယ်က ကျောင်းလက်ရွေးစင်မှာ ပါဝင်ဖို့ အိမ်မက်စတင် မက်တဲ့ အရွယ်ဖြစ်တာကြောင့် အခု အခွင့် အရေးက ကျွန်တော်တို့အတွက် မဟာ အခွင့် အရေးကြီးပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေ ကြောင့် ကျောင်းသားတွေ အကုန်လုံး ပျော်သွားတာ ဖြစ်ပါတယ်။ ကျွန်တော့တို့ အတန်းထဲက ယောင်္ကျာလေး တော်တော်များများ စာရင်းပေးကြပါတယ်။ အဲဒီထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကံကောင်းပါတယ်။ အဲဒီစာရင်းပေးပြီးလို့ ကျောင်သား ၃ ယောက်ပဲ ဆရာမ စာထပ်မေးဖို့ အချိန်ရခဲ့ပြီး။ မုန့်စား ကျောင်းဆင်း ခေါင်းလောင်းထိုးသွားခဲ့ပါတယ်။ ကျောင်းဆင်းခေါင်းလောင်းထိုးသွားတော့လည်း ခဏက ကျောင်းလက်ရွေးစင်ဆိုတဲ့ စကားတစ်လုံးမှတောင် မဟဖြစ်ပါဘူးဗျာ။ ကျွန်တော့ အတွေးထဲမှာလည်း ကျောင်းလက်ရွေးစင်ရွေးမယ့် အကြောင်းမရှိပဲ မုန့်ဈေးတန်းက ချောက်ဆွဲကြော်ကသာ နေရာယူနေပါတယ်။ ကျောင်းမုန့်ဈေးတန်းဆီကို အပြေးအလွားသွားပြီး နေရာဦးနိုင်မှ ဗိုက်ကိစ္စက အဆင်ပြေမှာကိုဗျ။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပဲ ကျွန်တော်တို့ နေလိုက်ကြတာ...တစ်ပါတ်လောက် ကြာတော့ ကျွန်တော်တို့ ကျောင်းအသင်းရဲ့ အားထားရတဲ့ ဂိုးသမားကြီး ကိုထွန်းအောင်ကျော်က စာရွက်တစ်ရွက်ကိုင်လာပြီး ကျွန်တော်တို့ အတန်းကို ရောက်လာပါတယ်။ အဲဒီအချိန်ကတော့ ညနေကျောင်းဆင်း ခါနီး နောက်ဆုံး အချိန်မှာ ဖြစ်ပါတယ်။ သူက စာသင်နေတဲ့ ဆရာမကို ဘောလုံးကန်မယ်ဆိုပြီး စာရင်းပေးထားတဲ့ကျောင်သားတွေ အခု သူနဲ့ လိုက်ခဲ့ ပြီးအရွေးခံဖို့ လာခေါ်တာပါလို့ ပြောလိုက်ပါတယ်။ အဲဒါနဲ့ ဆရာမက စာရင်းပေးထားတဲ့ ကျောင်းသား စာရင်းကိုယူပြီး အတန်းရှေ့ကို ခေါ်ထုတ်လိုက်ပါတယ်။ ကျွန်တော်လည်း ကျွန်တော့နာမည်ရောက်တော့ ရှေ့ထွက်သွားပါတယ်။ အားလုံး နာမည်ခေါ်ပြီးတဲ့ အချိန်မှာ ဆရာမက ကျွန်တော်တို့ကို အကိုကြီးနဲ့ လိုက်သွားဖို့ ပြောပါတယ်။ ကျွန်တော်တို့လည်း အဲဒီအကိုကြီး နောက်ကို မျှော်လင့်ချက် ကိုယ်စီနဲ့ လိုက်ခဲ့ကြပါတယ်။
ငယ်ငယ်က အကြောင်း ပြန်တွေးတော့ ရင်ထဲမှာ လွမ်းသလို ရှိလိုက်တာ။ စိတ်ကူးအာရုံထဲ ပြန်ဝင်လာတဲ့ တခဏတော့ ကျွန်တော့် အတွေးတွေက မျက်ရည်ကာတာကြီး ကျိုးပါက်ချင်သယောင်ယောင်။ အဲဒီတုန်းက ကျွန်တော်က ကျောင်းလက်ရွေးစင် ဖြစ်ဖို့ အားခဲနေမိတာကိုး…
စာမေးလို့ စာမရရင် အရိုက်ကြမ်းတဲ့ ဆရာမကို ရှောင်ပြေးဖို့ အကွက်ရသွားတဲ့ ကျွန်တော်၊ ဘောလုံးဆို အချိန်မရွေး နေရာမရွေး ကန်ချင်တဲ့ ကျွန်တော်ဟာ လူရွေးပွဲ ၀င်ပြိုင်ဖို့ လာခေါ်သူနောက် ကောက်ကောက်ပါအောင် လိုက်သွားရင်း ရင်ခုန်နေခဲ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ကျောင်းရဲ့ အဆောက်အဦးတွေ တည်နေပုံကို အနည်းငယ် ပြောပြဖို့ လိုမယ်လို့ ထင်မိပါတယ်။ အဲဒီလိုမှဘဲ ကျွန်တော်တို့ကို ရွေးချယ်တဲ့ ပုံစံကို မြင်သာမှာ ဖြစ်တဲ့အတွက် ကြောင့်ပါ။ ကျွန်တော်တို့ ကျောင်းဟာ လမ်း ၂ လမ်းရဲ့ ထောင့်မှာတည်ရှိပါတယ်။ ကျောင်းဝင်ပေါက်မှာ နီနီရဲရဲ စိန်ပန်းပင်ကြီး တစ်ပင်ရှိပါတယ်။ ကျောင်းဝင်းက အရှေ့အနောက် ကျယ်ပြီး တောင်မြောက်က ကျဉ်းပါတယ်။ စာသင်ဆောင်တွေဟာ ၂ ထပ် ကျောင်းဆောင်တွေ ဖြစ်ပြီး တန်းစီကွင်းကို ၀ိုင်းရံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းရဲ့ အနောက်ဘက်ခြမ်းကတော့ စာသင်ဆောင်မရှိပဲ ကျောင်းအိမ်သာများ ရှိပါတယ်။ ကျောင်းအိမ်သာများက အုပ်ကာသွပ်မိုး ၄ ခန်းတွဲ တွေဖြစ်ပါတယ်။ ကျောင်းအိမ်သာများရဲ့နောက် ခပ်လှမ်းလှမ်းမှာ ကျောင်းမုန့်ဈေးတန်း ရှိပါတယ်။ အဲဒီ ကျောင်းအိမ်သာတွေနဲ့ မုန့်ဈေးတန်းကြားမှာ အတော်ကျယ်တဲ့ မြေကွက်လပ်ရှိပါတယ်။ ကျွန်တော့အထင် ပေ ၁၀၀?????? ပတ်လည်ခန့် ရှိမယ်ထင်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကျောင်းရဲ့ တည်နေပုံဖြစ်ပါတယ်။
ကဲ လူရွေးတဲ့ အကြောင်းကို ပြန်ဆက်ပါ့မယ်။ ကျွန်တော်တို့ကို လူရွေးမယ့် နေရာကတော့ ခဏပြောတဲ့ မုန့်ဈေးတန်းနဲ့ အိမ်သာများကြားက ပေ ၁၀၀ ကျယ်တဲ့ ???? မြေကွက်လပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီနေရာလေးကို ရောက်သွားတော့ ကျောင်းက ကာယသင်ပေးတဲ့ ဆရာကြီးက စောင့်နေပါတယ်။ ကျွန်တော်တို့ ရှေ့မှာလည်း တစ်ခြား အတန်းက ကျောင်းသားတွေ အဲဒီနေရာလေးကို ကြိုရောက်နေကြပါပြီ။ နောက်ထပ်လည်း ကျောင်းသားအချို့ ရောက်လာဦးမယ် ဆိုလို့ စောင့်လိုက်ရပါသေးတယ်။
၁၀ မိနစ်လောက် ကြာတော့ အရွေးခံမယ့် ကျောင်းသားတွေ စုံပါပြီ။ ဒါကြောင့် ဆရာကြီးက ကျွန်တော်တို့ကို လူရွေးမယ့် စံသက်မှတ်ချက်ကို ပြောပြပါတယ်။ စံသက်မှတ်ချက်က တကယ်တော့ ပြန်တွေးရင် ရီစရာကြီးပါဘဲ။ ဘောလုံးကို ကျောင်းအိမ်သာ နောက်ကျောကို ထိအောင် ကန်ရမှာမို့လေ။ သဘောက ကျောင်းအိပ်သာ နောက်ပိတ်ကို ဂိုးလို့ သဘောထားပြီး ကန်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းသားတွေလည်း ဒီလောက်တော့ ရမှာပါဆိုတဲ့ စိတ်လေးတွေ လူတိုင်းမှာ ရှိနေကြပါတယ်။ ပထမဦးဆုံး အတန်းကြီးက ကျောင်းသားတွေ အရင်ကန်ရပါတယ်။ သူ့ထက်ငါ ကစ်ပါဝါပြချင်ကြတာကြောင့် ဘောလုံးကို အားကုန်ကျုန်းကြပါတယ်။ တစ်ချို့ ကျောင်းသားတွေရဲ့ ကန်ချက်တွေက အိမ်သာနောက်ကျောကို တိတိကျကျ ထိမှန်ပြီး တစ်ချို့ကျောင်းသားတွေရဲ့ ကန်ချက်တွေကတော့ အိမ်သာ ခေါင်မိုးကိုကျော်သူကျော် ဘေးထွက်သူထွက်နဲ့ ပျော်စရာလည်းကောင်း စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ ကန်ချက် ပြင်းသူပါသလို ပျော့သူတွေလည်းပါလို့ လိုရာမရောက်လို့ အူတက်ရတဲ့ အရသာကို ခုထိတောင် မမေ့နိုင်ပါဘူး။ အဲဒီထဲမှာ ကျောင်းသား တစ်ယောက် ကန်လိုက်တဲ့ ဘောလုံးက အိမ်သာနံရံကို ကျော်ပြီး အန္တရယ် ဖြေရှင်းဖို့ လာတဲ့ ဆရာမ တစ်ယောက်ကို သွားမှန်ပါတယ်။ အဲဒါကြောင့် လူရွေးပွဲကို ခဏရပ်ဆိုင်းပြီး ဆရာမကို အတော်လေး တောင်းပန် လိုက်ရပါသေးတယ်။ အော်.. ကိစ္စ ဂိတ်ပေါက်ဝ ရောက်နေတာကို တားမြစ်ပိတ်ပင်မှုလို့ ပြောရမလားဘဲ။
ကျွန်တော်တို့ အတန်းက ကျောင်းသားတွေ ကန်ရမယ့် အလှည့်ရောက်လာပါပြီ။ ကျွန်တော်က နောက်ဆုံးမှ ကန်မယ်လို့ ဆုံးဖြတ်ပြီး နောက်ဆုံးနေရာမှာ တန်းစီထားလိုက်ပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ကန်သွားကြပါပြီ။ သူတို့ ကန်တာတွေ ကြည့်ပြီး အတော်လေးကို စိတ်လှုပ်ရှားမိပါတယ်။ ငါ့အလှည့် ကြရင်လည်း ဘယ်လိုကန်ရင် ကောင်းမလဲဆိုတာ ကျွန်တော် စဉ်းစားနေပါတယ်။ အမှန်အတိုင်း ၀န်ခံရရင် အဲဒီအရွယ်မှာ ဘောလုံးကို ခြေခွင်နဲ့ဆိုရင် မြေလိမ့်ဘောပဲ ကန်တက်ပါတယ်။ အမြောက်ဘောဆိုရင် ခြေဖူးထိပ်နဲ့ ကန်မှ မြောက်တက်သွားလို့လေ။ အဲဒီအချိန်မှာ ကျွန်တော် စဉ်းစားတာက ခြေထိပ်နဲ့ အားရပါးရ ကျုံးကန်ဖို့ပါ။ အဲဒီ အချိန်လေးကို ကျွန်တော် ဒီကနေ့ထိ မမေ့သေးပါဘူး။ ကျွန်တော့ လက်ဖ၀ါးတွေမှာ ချွေးစီးတွေပြန်နေပါတယ်။ မကြာပါဘူး ကျွန်တော့ အလှည့်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာပါပြီ။
ဆရာက ကျွန်တော့ နာမည် ခေါ်လိုက်တော့ ကျွန်တော် ဘောလုံးကို ကောက်ပြီး ဘောလုံးတည်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ဘောလုံးကို တည်ဖို့ တချက်ကြည့်လိုက်ပါတယ်။ ကျွန်တော် ဘောလုံးကို ခပ်ပြင်းပြင်းနဲ့ အမြောက်ကန်ရမှာ ဆိုတော့ မြေနည်းနည်း မို့နေတဲ့ နေရာမှာ ရွေးပြီး တည်၊ နောက်ကို ခြေ ၅ လှမ်းလောက် ဆုတ်ပြီး အားနဲ့ အပြေးကျုံးကန်လိုက်ပါတော့တယ်။ ကျွန်တော် ကန်လိုက်တဲ့ ဘောလုံး လေထဲကို မြောက်တက် အသွား၊ တပါတည်း ဖျောင်း ဆိုတဲ့ အသံ တစ်ချက်မြည် ထမြည်သွားပါတယ်။ ဆရာကြီးရော ကျောင်းသားပါ အားလုံး ဟာခနဲ ဖြစ်သွားပါတယ်။ ကျွန်တော်လည်း ဘောလုံးကို လှမ်းကြည့်လိုက်တော့ ကျွန်တော် ကန်လိုက်တဲ့ ဘောလုံးဟာ အိမ်သာမိုးထားတဲ့ သွပ်ပြားမှာ မိန့်မိန့်ကြီး စိုက်ဝင်နေပါပြီ။ ဘောလုံးထဲလည်း လေမရှိတော့ပါဘူး။ ခေါင်းနပန်းရော ဘာရော အကုန် ထူပူသွားပါတယ်။ ဘောလုံးကို ကျွန်တော် အလျှင်အမြန် သွားယူဖို့ ကြိုးစားပါတယ်။ အရပ်ကလည်း ဘောလုံးစိုက်ဝင်သွားတဲ့ ခေါင်းမိုးပြားကို မမှီ၊ စိတ်ထဲမှာလည်း ဘောလုံး ပြန်ကောင်းလို ပြန်ကောင်းငြား ကြည့်ချင်သေးတဲ့ စိတ်က အလောတကြီးကို ဖြစ်နေ၊ အဲဒီအချိန်မှာ ဆရာကြီး ရောက်လာပြီး ကျွန်တော့ကို မင်းကလည်း နင်းခွ ကန်တာကိုးကွ လို့ပဲပြောပြီး ဘောလုံးကို အိမ်သာ ခေါင်းမိုးကနေ ဖြုတ်ယူလိုက်ပါတယ်။ ကျွန်တော့ နောက်မှ အရွေးခံမယ့် ကျောင်းသား ၂၀ လောက်ကျန်နေပါသေးတယ်။ စိတ်မကောင်းစရာက ကန်စရာ ဘောလုံး မရှိတော့ပါဘူး။ ကျွန်တော်တို့ ကျောင်းမှာရှိတဲ့ တစ်လုံးတည်းသော ဘောလုံးကို ကျွန်တော် ဖောက်လိုက်မိပါတယ်။ ကန်စရာ ဘောလုံး မရှိတော့ အတွက် လူရွေးပွဲကို လုံးဝရပ်လိုက်ရပါတယ်။ ဆရာကြီးက ကျန်တဲ့ ကျောင်းသားတွေကို နောက်နေ့ ဘောလုံးဝယ်ပြီးမှ ထပ်ရွေးမယ်လို့ ပြောပြီးပြန်လွတ်လိုက်ပါတယ်။
ဆရာမကို ဘောလုံးမှန်လို့ ခေတ္တ ရပ်နားခဲ့ရတဲ့ပွဲဟာ ကျွန်တော့ကြောင့်လုံးဝ ပျက်စီးခဲ့ရပါတယ်။ ကျွန်တော့ကို ဆရာကြီး မဆူခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အပစ်တင်မိပါတယ်။ ဒီနံရံလေးတောင် ငါသေချာထိအောင် မကန်နိုင်လို့ ဘောလုံးပေါက်ရတယ်၊ ငါ တော်တော် ညံ့တဲ့ကောင် ဆိုပြီးတော့ပါ။ ကျွန်တော့ ကြောင့် လူရွေးပွဲ တစ်ခု ပျက်ခဲ့ရတယ်။ ခံစားလွယ်တယ်ဘဲ ပြောရမလား။ အဲဒီ လူရွေးပွဲပျက်ပြီး ရက်အတော်ကြာ ဘောလုံးကန်ချင်စိတ် ပျောက်ဆုံးခဲ့ပါတယ်။ ကျွန်တော့ စိတ်ထဲမှာ ဘောလုံးကို ပျက်စီးအောင် လုပ်တဲ့အတွက် အရွေးမခံရဘူးလို့ ထင်နေခဲ့ပါတော့တယ်။ တကယ်တမ်း ကျောင်းလက်ရွေးစင် လူစာရင်းထွက်တဲ့နေ့မှာ တစ်ကယ်လည်း ကျွန်တော့ နာမည်မပါခဲ့ပါဘူး။ ကျွန်တော့ သူငယ်ချင်း တစ်ယောက် ကျောင်းလက်ရွေးစင်မှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော် ကျောင်းလက်ရွေးစင် အရွေးပွဲမှာ ၀င်မပြိုင်ရဲတော့ပါဘူး။
အခု ဒီအဖြစ်အပျက်လေးကို ပြန်ရေးဖြစ်တော့ ကျွန်တော့ စိတ်ထဲမှာ အတွေးတစ်ခု ၀င်လာပါတယ်။ အဲဒါကတော့ ဘောလုံး များများစားစား မရှိရလောက်အောင် ချို့တဲ့လှတဲ့ စာသင်ကျောင်းတွေနဲ့ အားကစားပိုင်းဆိုင်ရာ ပံပိုးမှုတွေ အားနည်းလို့ ထင်တိုင်မပေါက်ခဲ့ကြတဲ့ မြန်မာပြည်စာသင်ကျောင်းတွေထဲက ကျွန်တော် ပါဝင်ခဲ့တဲ့ အဖြစ်အပျက်လေးပါဘဲ။ တကယ်ဆို ဘောလုံး နှစ်လုံး သုံးလုံးရှိခဲ့ရင်၊ တကယ်ဆို မြက်ကွင်းမဟုတ်တောင် မြေကွင်းတစ်ကွင်းလောက် ဂိုးတိုင်နဲ့ ဘာနဲ့ ရှိနေခဲ့ရင်၊ ကျွန်တော်လည်း အိမ်သာခေါင်းမိုးကို ထိအောင် ကန်မိခဲ့မှာ မဟုတ်သလို၊ ဘောလုံးတစ်လုံးဟာလည်း ဆုံးရှုံးမှု ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ဂိုးပေါက်ထဲကိုလည်း ၀င်မယ်လို့ အတတ်မပြောနိုင်ပေမဲ့ ဧရိယာကျဉ်းလှတဲ့ အိမ်သာကို ထိအောင် ကန်နိုင်မှဖြင့် ကျွန်တော်ကန်ချက် ဂိုးပေါက်တော့ မလွဲမှာ အသေချာဘဲလို့ စဉ်းစားနေမိပါတော့တယ်......။ အဲဒါကတော့ ကျွန်တော့ရဲ့ ဘောလုံးနဲ့ ပက်သက်တဲ့ ပထမဦးဆုံး အမှတ်တရဖြစ်စရာ အလွဲလေးတစ်ခုပါဘဲ။
No comments:
Post a Comment